မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းတည်ဆောက်ဖွဲ့စည်းပေါ်‌ပေါက်လာပုံ

Formation of the Mro National Literature and Culture Association

formation-of-mronlca

နိဒါန်း

စာပေဆိုသည်မှာ လူမျိုးတစ်မျိုးအတွက် တန်ဖိုးဖြတ်မရသော အသက်သွေးကြောဟု ပြောရပါမည်။ မြိုလူမျိုးတို့သည် မိမိတို့ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားကြသော လူမျိုးတစ်မျိုးဖြစ်ပါသည်။ ထို့အပြင် တန်ဖိုးကြီးမားသော ဤစာပေကို ထိန်းသိမ်းမြင့်တင်ပေးရန်လည်း လူသားအရင်းအမြစ်၊ ချစ်မြတ်နိုးတန်ဖိုးထားအသုံးပြုမှု နှင့်အခြားသောအရာများလိုအပ်ပါသည်။ ထို့ကြောင့် လက်ရှိ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအကြောင်းအနည်းငယ်ဖော်ပြလိုပါသည်။ မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းသည် ၂၀၂၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင်၊ ကျောက်တော်မြို့နယ်၊ ငါးယောက်ကိုင်းကျေးရွာ၌ ပြုလုပ်ခဲ့သော စာပေညီလာခံကြောင့်ပေါ်ပေါက်လာသော အသင်းဖြစ်ပါသည်။ ဤညီလာခံတွင် မြို(ခမိ) ပြည်သူ (၅၀၀) ကျော်၊ ရဟန်းသံဃာ၊ နိုင်ငံရေးပါတီများနှင့် သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

စာပေညီလာခံဖြစ်ပေါ်ခဲ့ပုံ

မြိုအမျိုးသားစာပေသည် ဆရာကြီးဦးကျော်သာအောင်အားဖြင့် ၁၉၉၇ ခုနှစ်တွင် ဖော်ထုတ်နိုင်ခဲ့ပါသည်။ နိုင်ငံတကာဘာသာစကားကုဒ်နံပါတ် ISO-639-3 Mro (cmr) ရှိထားပြီး၊ စာပေပြန့်ပွားရေး၊ ထိန်းသိမ်းမြင့်တင်ရေး၊ အသုံးပြုများပြားလာရေးအတွက် နွမ်တာခံလက်ဆင့်ကမ်းခဲ့ကြသော စာပေချစ်မြတ်နိုးသူ ပုဂ္ဂိုလ်များက အခက်အခဲများစွာကြားမှ ကြိုးပမ်းခြင်းကြောင့် ယခုအချိန်အထိ တည်တံ့ခြင်းဖြစ်ပါသည်။ သို့ပါသော်လည်း နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေးဝိဝါဒစုံလင် ကွဲပြားမှုများ၊ လူသားအရင်းအမြစ်များ နှင့် အခြားသော အခက်အခဲများ ရှိလာခဲ့သောကြောင့် စာပေခရီးရှေ့ဆက်ဖို့ရန်မှာ လွန်စွာခက်ခဲ့လာပါသည်။ သို့ဖြစ်ပါ၍ အမျိုးသားရေး၊ စာပေအရေးကို ချစ်မြတ်နိုးသော သက်ကြီးပုဂ္ဂိုလ်များနှင့် ပြည်တွင်းပြည်ပရှိ မြို(ခမိ) လူငယ်များမှ zoom platform ဖြင့် တစ်နှစ်တာခန့်အချိန်ယူတွေ့ဆုံကာ အကြိမ်အကြိမ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တွင် ပြည်တွင်းပြည်ပရှိ မြို(ခမိ)လူငယ်များမှ စာပေညီလာခံပြုလုပ်ရန် အတွက် မြို(ခမိ) ပြည်သူများနှင့် ပူးပေါင်းကာ ကြိုးပမ်းခဲ့ကြပါသည်။ ထို့အပြင် မြိုလူမှုအသိုင်းအဝိုင်းထဲမှ သက်ဆိုင်ရာနိုင်ငံရေးပါတီများ၊ မြိုစာပေနှင့်ရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေးအသင်း(ယခင်) နှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအား ကြိုတင်တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ အများပြည်သူများ လိုလားတောင့်တလျက်ရှိသည် အမျိုးသားစာပေတစ်ခုတည်း ရှိလာအောင် စာပေညီလာခံတစ်ရပ်ပြုလုပ်ကြမည်အကြောင်း ကနဦးဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းနောက်တွင် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ငါးယောက်ကိုင်းကျေးရွာတွင် ကျေးရွာသူ/သားများ၏ပူးပေါင်းပါဝင်မှုများနှင့်အတူ ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် စည်းကား သိုက်မြိုက်စွာဖြင့် စာပေညီလာခံအား ကျင်းပခဲ့ကြပါသည်။

စာပေဦးဆောင်ကော်မတီ

မြို(ခမိ)တစ်မျိုးသားလုံးလက်ခံသော မြိုအမျိုးသားစာပေ (ဝါ) မြို(ခမိ)စာပေရှိလာဖို့အရေးကို လိုလိုလားလား ဆန္ဒပြင်းပြစွာဖြင့် ပြည်သူများမှာပါဝင်ပူးပေါင်းတက်ရောက်လာခဲ့ကြပါသည်။ တက်ရောက်လာသော မြို(ခမိ)ပြည်သူများသည် “ဤစာပေညီလာခံမှ ရွေးချယ်တင်မြောက်တာဝန်ပေးအပ်မည့် ကော်မတီများအားမည်ကဲ့သို့နည်း?” ဟု မေးမြန်းရာတွင် “ပြည်တွင်းပြည်ပရှိမြိုလူငယ်များနှင့် ဖွဲ့စည်းထားသော စာပေညီလာခံဖြစ်မြောက်ရေးကော်မတီမှ ရွေးချယ်ထားသော ကော်မတီများကို မည်သူမည်ဝါဖြစ်ကြောင်း အဆိုတင်သွင်း ကြေငြာခဲ့ပါသည်။ တက်ရောက်လာကြသော ပြည်သူအများစုမှ ထောက်ခံသောကြောင့် အဆိုပါကော်မတီကို ဦးဆောင်ကော်မတီအဖြစ် အတည်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ဤကော်မတီသည် မြို(ခမိ)ပြည်သူများ၊ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်များ နှင့် ပြည်တွင်းပြည်ပရှိလူငယ်များ၏ ပူးပေါင်းပါဝင်မှုများနှင့်အတူ ရှိနေပါသဖြင့် လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်အား ကိုယ်စားပြုခြင်း၊ အဖွဲ့အစည်းတစ်ခုအားကိုယ်စားပြုခြင်းမဟုတ်ပေ။ မြိုတစ်မျိုးသားလုံး၏ ကျော့ထောက်နောက်ခံပြုထားသဖြင့် အသက်အရွယ်၊ ကျား/မ၊ ဘာသာရေးမရွေး နိုင်ရာဖက်မှကူညီပါဝင်နိုင်သော အသင်းဖြစ်ပြီး ကိုယ်စားပြုသောအသင်းဖြစ်ပါသည်။

လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ

နိုင်ငံရေးအကျပ်အတည်းကြောင့်သော်လည်းကောင်း၊ အခြေနေအရပ်ရပ်၊အခက်အခဲအမျိုးမျိုးကြောင့်သော်လည်းကောင်း မြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း၏ လှုပ်ရှားမှုမှာ ရပ်တန့်ဟန်ဖြစ်နေခဲ့ပါသည်။ သို့ပါသော်လည်း ဦးဆောင်ကော်မတီမှ လုပ်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များကိုမြို(ခမိ)ပြည်သူများ၏ အကြံပြုချက်ကောင်းများကို လက်ခံရယူကာ ရှေ့ဆက်နေလျက်ရှိပါသည်။

နိဂုံး

အချုပ်ဆိုရသော် ဤမြိုအမျိုးသားစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းသည် လူငယ်များနှင့် မြို(ခမိ)ပြည်သူများက ကျော့ထောက်နောက်ခံပြုသောအသင်းဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်၏ မူပိုင်အသင်းမဟုတ်ပါကြောင်း၊ ပြည်သူများရှေ့တွင် ရွေးချယ်၊ ရွေးကောက်ထားသော လုပ်ငန်းစဉ်များကို ကြိုပမ်းလုပ်ဆောင်နေသောအသင်းဖြစ်ပါသည်။ ထို့ကြောင့်ရှေ့ဆက်လုပ်ဆောင်ရမည့် စာပေနှင့်ရိုးရာယဉ်ကျေးမှု လုပ်ငန်းစဉ်များကိုအတူတကွ နိုင်ရာဖက်မှအကြံများပြုလျက် မြှင့်တင်ကြရမည်ကြောင့် ‌ဖော်ပြလိုက်ပါသည်။

Go Back to Home