မြို(ခမိ)စာပေဖော်ထုတ်ခဲ့သူ ဆရာကြီးဦးကျော်သာအောင်၏ အတ္ထုပတ္တိအကျဥ်း

sayar-kyaw-thar-aung-bio

ဆရာကြီးဦးကျော်သာအောင် (ဝါ) နွေဦးပန်း

sayar-kyaw-thar-aung-bio

နိဒါန်း

မြိုလူမျိုးများတွင် ပညာရေးကဏ္ဍတွင်လည်းကောင်း၊၊ စီးပွားရေးကဏ္ဍတွင်လည်းကောင်း၊ လူမှုရေးလုပ်ငန်းများတွင်လည်းကောင်း၊ စံထားရမည့်လူပုဂ္ဂိုလ်များမှာ မရှိသလောက် နည်းပါးလှပါသည်။ အလားတူအမျိုးသားရေး၊ နိုင်ငံရေးကဏ္ဍတွင်လည်း သမိုင်းတွင်လောက်ရသည့် စံပြပုဂ္ဂိုလ်များမှာလည်း လွန်စွာနည်းပါးလှပါသည်။ သို့ရာတွင် မြို(ခမိ)စာပေအား နွံတာခံပင်ပန်းစွာဖြင့် ကြိုးစားဖော်ထုတ်ခဲ့သူ နွေဦးပန်း နှင့် လူငယ်များသို့ မျှဝေမိတ်ဆက်ချင်ပါသည်။

သို့ပါသောကြောင့် နွေဦးပန်း (သို့မဟုတ်) မြို(ခမိ)စာပေဖော်ထုတ်ခဲ့သူ ဆရာကြီးဦးကျော်သာအောင်၏ အတ္ထုပတ္တိအကျဥ်းကို မြို(ခမိ)လူငယ်များ နှင့် အခြားသော လူပုဂ္ဂိုလ်များလေ့လာ သိရှိနိုင်ဖို့ရန် ရည်ရွယ်၍ ရေးသားဖော်ပြလိုက်ပါသည်။

မွေးဖွားရာဇာတိ

ဆရာကြီးဦးကျော်သာအောင်ကို ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လူသူအ‌ရောက်နည်းပါးသောတောင်ပေါ်ဒေသလည်းဖြစ်၊ အိမ်ခြေ (၄၀) ဝန်းကျင်ခန့်သာရှိသည့် ခူးလူမွှေးကျေးရွာတွင် ခါလိမ်မျိုးနွယ်စုဖြစ်သော ဖခင်ဦးကောင်းဖြူ နှင့် မိခင်ဒေါ်မယုတို့မှ မွေးဖွားသန့်စင်ခဲ့ပြီး၊ မွေးချင်းညီအစ်ကိုမောင်နှမ (၆) ယောက်ရှိပါသည်။

    မွေးချင်းညီအစ်ကိုမောင်နှမများမှာ -

  • ဒေါ်မသာဦး
  • ဒေါ်အာဒီ
  • ဒေါ်လှသိန်း
  • ဦးကျော်သာအောင် (စာပေဖြစ်မြောက်အောင်ဖော်ထုတ်ခဲ့သူ)
  • ဒေါ်စိန်မေ
  • ဦးစိန်အောင်

ပညာရေး

ဆရာကြီးဦးကျော်သာအောင်သည် ကျောင်းနေအရွယ်ရောက်သောအခါ ပလက်ဝမြို့နယ်၊ လက်ပင်ကိုင်းကျေးရွာတွင် မူလတန်းပညာရေးကို သူငယ်တန်းမှ ဒုတိယတန်းအထိပညာသင်ယူခဲ့ပါသည်။ ထိုမှတစ်ဆင့် ကွမ်းချောင်းဝကျေးရွာ (၁) တွင် အ.မ.က(ကွမ်းချောင်းဝ) စာသင်ကျောင်း၌ တတိယတန်းမှ စတုတ္ထတန်းအထိသော်လည်းကောင်း၊ ပလက်ဝမြို့ အ.ထ.က စာသင်ကျောင်းတွင် စတုတ္ထတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့ပါသည်။

သို့ရာတွင် လိုအပ်သောအခြေခံအတန်းပညာရေးကို လုံလောက်စွာမရရှိခဲ့သဖြင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခြင်းမရှိခဲ့ပါ။ ထိုမှတစ်ဆင့် လူမှုအဆင့်အတန်းမြင့်မားသော မြို့တော်ရန်ကုန်သို့ ပညာဆက်လက်ဆည်းပူးရန် သွားရောက်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်၊ မတ်လတွင်ရောက်ရှိခဲ့ပါသည်။ ထို့နောက် ရန်ကုန်၊ ကမာရွတ်မြို့နယ်ရှိ အ.ထ.က (၁) တွင် တက္ကသိုလ်ဝင်တန်းအားသင်ယူခဲ့သော်လည်း တက္ကသိုလ်ဝင်အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါ။ ထိုမှတစ်ဆင့် ၁၉၇၅ ခုနှစ်တွင် လှိုင်မြို့နယ်ရှိ အ.ထ.က (၁) ၌ ဆက်လက်ပညာသင်ယူခဲ့ပါသည်။ ၎င်းကျောင်းမှ တက္ကသိုလ်ဝင်တန်းကို အဆင့်(က)ဖြင့် အောင်မြင်ခဲ့ပါသည်။

တက္ကသိုလ်ကျောင်းသားဘဝ

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဆရာကြီးဦးကျော်သာအောင်သည် ၁၉၇၅ ခုနှစ် ဇွန်လ၌ ရန်ကုန်တက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ် (Botany) ဖြင့် တက်ရောက် ပညာဆည်းပူးခဲ့ပါသည်။ တက္ကသိုလ်ကျောင်းများတွင် တက္ကသိုလ်၏ပြုလုပ်နေကျ အစဥ်လာအရ မောင်မယ်သစ်လွင်ကြိုဆိုပွဲ (Fresher Welcome) များပြုလုပ်လေ့ရှိပါသည်။ မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်ပြီးချိန်တွင် ရန်ကုန်တက္ကသိုလ်၏ ချင်းကျောင်းသားများဖြင့် ဗဟိုပြုဖွဲ့စည်းထားခြင်းဖြစ်သော ချင်းစာပေနှင့်ယဥ်ကျေးမှုအသင်း (ခ.စ.ယ) တွင် အလုပ်အမှုအဆောင်အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ပါသည်။ ၁၉၇၇ ခုနှစ်၌ ခ.စ.ယ အသင်းတွင် အတွင်းအရေးမှုးလစ်လပ်လိုအပ်နေလျက်ရှိနေခဲ့ပေသည်။ အဆိုပါနေရာတာဝန်အတွက် ဆရာကြီးအားကမ်းလှမ်းခဲ့ပေရာ အချိန်မပေးနိုင်၍ လက်ခံခဲ့ခြင်းမရှိခဲ့ပေ။

ထိုမှတစ်ဆင့် ယင်းအချိန်ရန်ကုန်တက္ကသိုလ်တွင် ဖွဲ့စည်းထားသည့် တက္ကသိုလ်ခရစ်ယာန်လူငယ်များအသင်း၌ အဖွဲ့ဝင်အဖြစ် ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ပါသည်။ ယင်းအချိန် ဆရာကြီးဦးကျော်သာအောင်အမည်မှာ ဆလိုင်းကျော်သာအောင် ဖြစ်ကြောင်းသိရပါသည်။ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ယူဆည်းပူးနေသည့်အချိန် ၁၉၇၇ ခုနှစ်တွင် မိတ်ဆွေသစ်၊ သူငယ်ချင်းသစ်များရရှိခဲ့သည်။ ထိုအထဲတွင် မန္တလေးတက္ကသိုလ်မှ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့လာခဲ့သည့် ဒိုင်ရ်ချင်းအမျိုးသားတစ်ဦးလည်းဖြစ်၊ စီနီယာတစ်ဦးလည်းဖြစ်သူနှင့် ပိုမိုခင်မင်ခဲ့ကြပါသည်။ အဆိုပါပုဂ္ဂိုလ်မှာ ရုက္ခဗေဒအထူးပြုဘာသာရပ်ယူထားသူ ဦးချိုင်းဆုံန် ဖြစ်ပါသည်။

မန္တလေးတက္ကသိုလ်မှ ပြောင်းရွေ့လာသည့် ချင်းအမျိုးသားဖြစ်သူ ဦးချိုင်းဆုံန်မှ သြစတြီးယားနိုင်ငံသူ ဂျာမန်အမျိုးသမီး မစ္စဟယ်လ်ကာ နှင့် မိတ်ဆက်ပေး၍ သူမနှင့် ရင်းနှီးကျွမ်းဝင်ခင်မင်ခဲ့ကြပါသည်။ ယင်းအချိန် မစ္စဟယ်လ်ကာမှာ ဒေါက်တာဘွဲ့အတွက် ဘာသာဗေဒစာတမ်းပြုစုရန် ရည်စူးနေချိန်ဖြစ်ကြောင်းသိရပါသည်။

မြို(ခမိ) စာပေဖော်ထုတ်ဖို့ရန်ရည်စူးလာပုံ

ထိုအချိန်မှစ၍ ဆရာကြီးကျော်သာအောင်သည် မြို(ခမိ)စာပေဖော်ထုတ်ရာ၌အောင်မြင်မှုမရှိသေးသည့်အတွက် စာပေဖော်ထုတ်လိုသည့် တက်ကြွမှုများ၊ စိတ်ဓာတ်များ၊ စိတ်ကူးစိတ်သန့်များ ပေါ်ပေါက်လာခဲ့ပါသည်။ အခြားတစ်ဖက်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးတွင် ပညာသင်ယူကာ၊ မြို(ခမိ)စာပေဖော်ထုတ်ရန်အတွက်အားထား အားယူပြုနေချိန်လည်းဖြစ်သည်။ ယင်းနောက် ၁၉၇၉ ခုနှစ်တွင် ရုက္ခဗေဒအထူးပြုဘာသာရပ် (B.A Botany) ဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရယူနိုင်ခဲ့ပါသည်။ ထို့အချိန် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ မြို(ခမိ) လူမျိုးစုထဲတွင် ဒုတိယမြောက် ဘွဲ့ရရှိခဲ့သူဖြစ်ကြောင်းလည်း ခန်းမှန်းယူဆရပါသည်။

အလုပ်အကိုင်

ရန်ကုန်တက္ကသိုလ်မှ ရုက္ခဗေဒအထူးပြုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက်၊ မွေးရပ်ဇာတိမြေ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ပြောင်းရွေ့နေထိုင်ခဲ့ပါသည်။ ထို့မှတစ်ဆင့် ၁၉၇၈ ခုနှစ်၊ ပလက်ဝမြို့နယ်တွင် ဒေသခံစာရင်းစစ် အစိုးရအမှုထမ်းများလစ်လပ်ခေါ်ယူနေလျက်ရှိရာ၊ ဆရာကြီးမှ ယင်းနေရာတာဝန်အတွက်လျှောက်ထားအောင်မြင်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အစိုးရအမှုထမ်း၊ စာရင်းစစ်အဖြစ်တာဝန်ထမ်းဆောင်နေစဥ်တွင်လည်း ‌ဖော်ထုတ်ရန်လိုအပ်လျက်ရှိနေသည့် မြို(ခမိ) စာပေနှင့်ပတ်သက်၍ ဝေါဟာရအသုံးအနှုန်းများလေ့လာလျက်ရှိကာ စိတ်ကူးစိတ်သန့်များကိန်းအောင်းနေလျက် ရှိနေခဲ့ပါသည်။

စာပေခရီးစတင်လျှောက်လှမ်းပြီ

၁၉၉၃ ခုနှစ်၊ အသက် (၄၀) အရွယ်တွင် ရန်ကုန်မြို့ အပြင်ဘက်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော (ယခုမှော်ဘီမြို့) ဧမောက်ကျမ်းစာကျောင်း (Emmaus Bible Institutes – EBI) တွင် ဓမ္မပညာရပ်ကို (၂) နှစ်တာသင်ယူဆည်းပူးခဲ့ပါသည်။ ယင်းကျမ်းစာကျောင်း (E.B.I) မှ ဓမ္မဘွဲ့ (Bachelor of Theology – B.Th) ကို အခက်အခဲများစွာကြားထဲမှရယူခဲ့ပါသည်။

ဆရာကြီးဦးကျော်သာအောင်သည် ပညာရေးရာတွင် အလွယ်တကူ အရှုံးမပေးသည့်ပုဂ္ဂိုလ်ဖြစ်သည့်အပြင် မြို(ခမိ)၊ ခူမီး(ချင်း)၊ ရခိုင်၊ ဗမာ နှင့် အင်္ဂလိပ် ဘာသာစကား (၅) မျိုးအထိ ပြောဆိုတတ်သူတစ်ဦးလည်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် ဓမ္မပညာဆည်းပူးပြီးသောအခါ မြို(ခမိ) စာပေနှင့်ပတ်သက်သည့် စာပေရေးရာများကို ပြုစုဖော်ထုတ်ရန်အတွက် မိသားစုစားဝတ်နေ‌ရေးအခက်အခဲ၊ ငွေကြေးအခက်အခဲ နှင့် အခြားသော အခက်အခဲများစွာနှင့်အတူ စာပေဖြစ်မြောက်ရေး လမ်းခရီးကြမ်းအားစတင်လျှောက်လှမ်းခဲ့ပါသည်။

မြို(ခမိ)စာပေဖော်ထုတ်နိုင်ခဲ့ပြီ

မြို(ခမိ)စာပေရရှိလာအောင် မရပ်မနားအပတ်တကုတ်ကြိုးစားဖော်ထုတ်လာခဲ့သော ဆရာကြီးဦးကျော်သာအောင်သည် ၁၉၉၇ ခုနှစ်၊ ဧပြီလ ရောက်သည့်အချိန်တွင်ကား စာပေပညာရှင်များနှင့် စာပေဖြစ်အောင် ဖော်ထုတ် နွံတာခံခဲ့သူများနှင့်အတူ ပထမဆုံး သင်းပုန်းကြီးစာအုပ်(Premier) အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဆရာကြီးဦးကျော်သာအောင်ဦးဆောင်၍ ဖော်ထုတ်ခဲ့သော မြို(ခမိ) စာပေသည် နိုင်ငံတကာဘာသာစကားကုဒ်နံပါတ် ISO-639-3 Mro [cmr] ဖြင့် အဖိုးမဖြတ်နိုင်သော အဖိုးတန် ကျောက်၊မြ ရတနာတစ်ခုကဲ့သို့ ရှိနေပြီး မြိုလူမျိုးများအတွက် တန်ဖိုးထားကြီးမားလှပါသည်။

နိဂုံး

သို့ပါသောကြောင့် “စာပေရှိမှ လူမျိုးတင့်မည်” ဖြစ်သောကြောင့် မြို(ခမိ) လူမျိုးများအနေဖြင့် အဆင့်အတန်းမြင့်မားသော ဤစာပေအား ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲကင်းစွာဖြင့် ဆက်လက်ထိန်းသိမ်း တိုးမြှင့်ဖော်ထုတ်ပေးကြဖို့ရန် ဆုမွန်ကောင်းတောင်းခြွေလျက် နွေဦးပန်း (သို့မဟုတ်) မြို(ခမိ)စာပေဖော်ထုတ်ခဲ့သူ ဆရာကြီးဦးကျော်သာအောင်၏ အတ္ထုပတ္တိအကျဥ်းအား မျှဝေဖော်ပြလိုက်ရပါသည်။

ရေးသားပြုစုသူ - သိန်းအောင်

#mnlca